ကျောက်ပန်းတောင်းမြို့နယ်တွင် စီမံကိန်းဝင်ကျေးရွာများသို့ VDP, CFW နှင့် MSY (ဆီထွက်သီးနှံ)စီမံကိန်းရန်ပုံငွေလွှဲအပ်ပွဲအခမ်းအနားကျင်းပ

ကျောက်ပန်းတောင်း ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)၊ Cash For Work(CFW)စီမံကိန်းနှင့် မိုးနေကြာစိုက်ပျိုးသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) အကောင်အထည်ဖော်ဆောင်ရွက်မည့်စီမံကိန်းဝင်ကျေးရွာများအား ရန်ပုံငွေလွှဲအပ်ပွဲအခမ်းအနားကို၊ ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ကျေးရွာကော်မတီနှင့်ညှိနှိုင်းတိုင်ပင်၍ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လုပ်ဆောင် သွားကြရန်နှင့် ငွေကြေးလေလွင့်ဆုံးရှုံးမှုမရှိအောင် စာရင်းဇယားများ တိတိကျကျ ပြုလုပ်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ကျောက်ပန်းတောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်မည့်ကျေးရွာများနှင့် လုပ်ငန်းများကိုလည်းကောင်း၊ Cash For Work (CFW)ဖြင့် ဆောင်ရွက်မည့်ကျေးရွာနှင့် လုပ်ငန်းဆိုင်ရာများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) အကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာများနှင့် လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး၊ လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။ ယင်းနောက် တက်ရောက်လာသည့် စီမံကိန်းဝင်ကျေးရွာများမှ စီမံကိန်းတာဝန်ရှိသူများက ကျေးရွာအလိုက် တစ်ဦးချင်းမိတ်ဆက်ကြပြီး၊ မြစိမ်းရောင် (ဆီထွက်သီးနှံ)စီမံကိန်းဆောင်ရွက်မည့် သရက်တောကျေးရွာအတွက် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၃၀၀)ကို ခရိုင်ဦးစီးမှူးကပေးအပ်ရာ စီမံကိန်းတာဝန်ခံကလက်ခံရယူပြီး၊ (VDP) စီမံကိန်းကျေးရွာ(၁၅)ရွာအတွက် စီမံကိန်းရန်ပုံငွေကျပ်သိန်း(၁၅၀၀)အား မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးကပေးအပ်ရာ ကျေးရွာ(၁၅)ရွာကိုယ်စား စီမံကိန်းဝင် ကျေးရွာကိုယ်စားလှယ်တစ်ဦးက လက်ခံရယူသည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးက CFW စီမံကိန်းရန်ပုံငွေကျပ်သိန်း(၁၀၀)ကိုပေးအပ်ရာ စီမံကိန်းဆောင်ရွက်မည့် မြေစွန်းကျေးရွာ တာဝန်ခံက လက်ခံရယူပြီး၊ စီမံကိန်းဝင်ကျေးရွာများမှ ကျေးရွာကော်မတီတာဝန်ရှိသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ စီမံကိန်းရန်ပုံက ငွေလွှဲအပ်ပွဲသို့ ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ခံဝန်ထမ်းများ၊ စီမံကိန်းဝင်ကျေးရွာများမှ ကျေးရွာကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ စုစုပေါင်း(၅၅)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)