မိုင်းနောင်မြို့ ပြည်သူ့ဆေးရုံတွင် မိဘပြည်သူများအား (TB- Mobile Team)  အစီအစဉ်ဖြင့် တီဘီရောဂါ ရှိ/မရှိ ကွင်းဆင်းစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်

မိုင်းနောင် သြဂုတ် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ ပြည်သူ့ဆေးရုံတွင် မိဘပြည်သူများအား (TB Mobile Team)စနစ်ဖြင့် တီဘီရောဂါ ရှိ/မရှိ ကွင်းဆင်း၊ စစ်ဆေး၊​ စမ်းသပ်ခြင်းများကို (အခမဲ့)ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တောင်ကြီးမြို့၊ အဆုပ်ရောဂါအထူးကုဆေးရုံမှ အထူးကုဆရာဝန်ကြီး ဒေါက်တာအိအိချော ဦးစီးသောအဖွဲ့နှင့် ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာမောင်မောင်မြတ်ဘိုသူ၊ မိုင်းနောင်ပြည်သူ့ဆေးရုံမှ ဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်နှင့်ကျေးရွာများရှိ မိဘပြည်သူများအား အဆုပ်နှင့်ပတ်သက်သည့် ရောဂါလက္ခဏာများရှိ/မရှိ(Digtal X-Ray)စက်ကြီးဖြင့် စမ်းသပ်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေး၊ စမ်းသပ်သည့်နေရာသို့ မိုင်းနောင်မြို့၊ အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး လင်းအောင်မိုး၊ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့်ဌာနဆိုင်ရာများက သွားရောက်ကြည့်ရှုအားပေး၍ ရောဂါလာရောက်ရှာဖွေသူ မိဘပြည်သူများအား၊ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)