ကျောက်ဆည်မြို့နယ် အနောက်ရေပြားတောကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်နေမှု ရာခိုင်နှုန်းပြည့်ပြီးစီး

​ကျောက်ဆည်၊ စက်တင်ဘာ  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရဲဘော်ကြီးကျေးရွာအုပ်စု၊ အနောက်ရေပြားတောကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ (၅၀) ရာခိုင်နှုန်းနှင့် ကျေးရွာပြည်သူထည့်ဝင် ငွေများဖြင့် ကျေးရွာဘက်စုံသုံးခန်းမဆောက်လုပ်လျက်ရှိရာ တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဘက်စုံသုံးခန်းမသည် အလျား (၄၀) ပေ၊ အနံ (၂၀) ပေ၊  အမြင့် (၁၂) ပေ အုပ်ညှပ်၊ တစ်ထပ်အဆောက်အဦဖြစ်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ ကျပ် (၇ဒသမ၄)သန်းနှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေ ကျပ် (၁ ဒသမ ၈၆၆)သန်းဖြင့် အကုန်အကျခံကာ ဆောက်လုပ်ခဲ့ပြီး အရေအသွေးပြည့်မီစေရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် အနောက်ရေပြားတောကျေးရွာတွင် အိမ်ခြေ (၁၀၂) အိမ်၊ အိမ်ထောင်စု (၁၁၂) စု၊ လူဦး ရေ (၅၂၀) ဦး နေထိုင်လျှက်ရှိပြီး ဘက်စုံသုံးခန်းမတည်ဆောက်ပြီးစီးမှုကြောင့် ပြည်သူများကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းခြင်း၊ ဆွေးနွေးခြင်းများနှင့် အစည်းအဝေးများကို အဆိုပါဘက်စုံသုံးခန်းမတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)