လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

လမ်းမတော် စက်တင်ဘာ ၁၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ (၅)နာရီတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စွမ်းအား ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာ၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကြက်ခြေနီအသင်း၊ ပရဟိတ အသင်းများ၊ ရပ်မိရပ်ဖများ  တက်ရောက်ကြပြီး မိမိမြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများ၊ ရှောင်ရန်/ဆောင်ရန်များကို ပူးပေါင်းလိုက်နာ ဆောင်ရွက်ရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေး ဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်ပမှ ပြန်လာသူနှင့် ရောဂါ ပြင်းထန်သည့် ဒေသများမှ  ပြန်လာသည့်ပြည်သူများ၏ အဝင်အထွက်စာရင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ် ဆောင်ရွက်ရန်နှင့် တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ အမြန်ဆုံး သတင်းပေးပို့ သွားရန်နှင့် တက်ရောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများကလည်း မိမိတို့ရပ်ကွက်အတွင်းတွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စျေးများ၊ လူစည်ကားရာနေများသို့ သွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်ရေး၊ အရေးကြီး အကြောင်းကိစ္စမရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုဘဲ Stay at home ဖြင့်သာ နေထိုင်ကြရန် စသည့် တို့ကို ဆောင်ရွက်သွားရန် ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက မိမိတို့ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်