မိတ္ထီလာ၌ စာပေဆုရ စာရေးဆရာနှင့် ကဗျာဆရာတို့အား ဂုဏ်ပြုပွဲကျင်းပ

မိတ္ထီလာ ဩဂုတ် ၈

မိတ္ထီလာမြို့၌ စာပေဗိမာန်စာမူဆုနှင့် ပခုက္ကူစာပေဆုရရှိခဲ့သော မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာနှင့် ကဗျာဆရာတို့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါဂုဏ်ပြုပွဲအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းနာယက စာရေးဆရာဘိုမျိုး(ရွှေဘို)က အမှာစကားပြောကြားသည်။ ဆက်လက်၍ စာပေဗိမာန်စာမူဆုနှင့် ပခုက္ကူစာပေဆုရ စာရေးဆရာများအတွက် မုဒိတာစကားများကို တက်ရောက်လာကြသော စာရေးဆရာများ၊ ကဗျာဆရာများက ပြောကြားသည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇော်ထံသို့ ခရိုင်ပြည်သူ့စာကြည့် တိုက်အတွက်လှူဒါန်းသော စာပေဆုရစာအုပ်များကို အလှူရှင် စာရေးဆရာတင်တော်က ပေးအပ်လှူဒါန်းသည်။ ဆက်လက်၍ ပဲ့ကိုင်ရှင်တို့၏ နှလုံးသားအလှနှင့် ဝတ္ထုတိုများ ဝတ္ထုတိုပေါင်းချုပ်ဖြင့် ၂ဝ၂ဝ ခုနှစ်စာပေဗိမာန်စာမူဆု တတိယဆုနှင့် အလင်းမီးတိုင် နေလပြိုင်၍ ထွန်းလင်းပြလိုက်ချင် ဝတ္ထုရှည်ဖြင့် ၂ဝ၂ဝ ခုနှစ် ပခုက္ကူစာပေဆုဝတ္ထုရှည် ပထမဆုရရှိခဲ့သော မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်နှင့် ခေတ်စမ်းချိန်ကဗျာပေါင်းချုပ်ဖြင့် ၂ဝ၂ဝ ခုနှစ် ပခုက္ကူစာပေဆုကဗျာပေါင်းချုပ် တတိယဆုရရှိခဲ့သော မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး ကဗျာဆရာကြည်သိန်းဇော်တို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ ၎င်းနောက် စာပေဆုများရရှိခဲ့သော စာရေးဆရာနှင့် ကဗျာဆရာတို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းသာ