ကျောက်ဆည် ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြင်ပစာပေများဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များပိုမိုရရှိစေရေး၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များဖြစ်ပေါ်လာပြီး ထူးချွန်ထက်မြတ်သည့် ကျောင်းသား/ကျောင်းသူများဖြစ်လာစေရေး ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာအုပ်၊ စာပေများ ဖတ်ရှုခြင်းဖြင့် ယဉ်ကျေးလိမ္မာပြီး အတွေးအခေါ်များမြင့်မားလာကာ ဗဟုသုတများ ပိုမိုကြွယ်ဝလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်းများမှ အလယ်တန်းအဆင့် ကျောင်သား/ကျောင်သူ (၃၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
သက်မောင်