သံတွဲ ဩဂုတ် ၇
သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းသည့် (၂၄)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက် ၉နာရီက ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (၂၄)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ပင့်ဖိတ်၍ ကြွရောက်တော်မူကြသည့် ဆရာတော်ရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ် အပေါင်းက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်၍ သံတွဲမြို့နယ် သံဃနာယကအဖွဲ့ဝင် တရော်တောတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး တရော်တောတိုက်ကျောင်းဆရာတော် အမှူးပြုသည့် သံဃာတော်အရှင်သူမြတ် (၁၈)ပါးက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့် ပေးတော်မူကြသည်။
ဆက်လက်၍ သံတွဲမြို့နယ်သံဃနာယကအဖွဲ့ဝင် တရော်တောတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ အမှူးပြုသည့် သံဃာတော်အရှင်သူမြတ် (၁၈)ပါးတို့အား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များက ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သီရိမင်္ဂလာမြို့ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တရေဝတ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်