မူဆယ် ဩဂုတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အ.ထ.က (၂) ကျောင်း စံပယ်ဆောင်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မူဆယ်ခရိုင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောသည်။ ယင်းဟောပြောပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ခင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မူဆယ်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးဦးကျော်ဇင်လတ်က ယာဉ်ထိန်းရဲတစ်ယောက် လုပ်မည်ဆိုလျှင် သတ်မှတ်ရမည့် အရည်အချင်းအချက်များအကြောင်း၊ ယာဉ်တိုက်မှုကြောင့် နှစ်စဉ်၊ လစဉ်၊ နေ့စဉ် ဒဏ်ရာရသူများနှင့် သေဆုံးသူများကို projector ဖြင့် ပြသခြင်း၊ ယာဉ်မောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်မတော်တဆမှုကြောင့် ဖြစ်ပွားသည့် တိုင်းဒေသကြီးနှင့်တကွ မူဆယ်ခရိုင်တွင် ဖြစ်ပွားသည့် ၂၀၂၀ မှ ၂၀၂၂ အထိ ၃ နှစ် ယနေ့အထိ နှိုင်းယှဉ်ချက် အမှုများ ရှင်းပြခြင်း၊ အန္တရာယ်သတိပေးလမ်းညွှန်ချက်များ၊ အမိန့်ပေးလမ်းညွှန်ချက်များ၊ တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်း လမ်းညွှန်များ အကြောင်း ရှင်းပြခြင်း၊ ကျောင်းသူ/သားများလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းများကို ဂရုတစိုက် လိုက်နာရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် တို့ကို Power Point ဖြင့် ရှင်းလင်းခဲ့သည်။ ဆက်လက်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန စစ်ဆေးမှူး ဦးအေးလွင်မှလည်း ယာဉ်စည်းကမ်းနှင့်ပတ်သက်ပြီး ရှင်းလင်းခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို ကျောင်းသူ/သား (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)