ရမည်းသင်း၊ စက်တင်ဘာ ၁၁
ရမည်းသင်းမြို့နယ်အတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတွင် စားသောက်ကုန်များနှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များကိုသာလျှင် ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည်ကြောင်း သိရသည်။
ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံကြီး၌ ယမန်နေ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာစာရင်းတွင် ရမည်းသင်းမှ ရောဂါပို့တွေ့ရှိသူတစ်ဦး ပါဝင်ခဲ့သဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူစက်ပြန့်ပွားမှုမရှိစေရန် မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ညွှန်ကြားချက်အရ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဖွဲ့ပိုင်စျေးများဖြစ်သည့် မြို့မစျေးကြီး၊ မြို့လှကျေးလက်စျေး၊ ရွာတန်းကျေးလက်စျေး၊ ရွှေဒါးကျေးလက်စျေးနှင့် သိမ်ကုန်းကျေးလက်ဈေးတို့တွင် မရှိမဖြစ်လိုအပ်သော စားသောက်ကုန်ရောင်းချသည့်ဆိုင်များ၊ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းအရောင်းဆိုင်များ၊ ဆေးဝါးပစ္စည်းအရောင်းဆိုင်များကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည်ဖြစ်ပြီး စျေးသည်များနှင့်စျေးဝယ်များ စနစ်တကျ နှာခေါင်းစည်းများတပ်ဆင်စေရေးအတွက်ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝင်းအောင် (ရမည်းသင်း)