ကျောက်ဖြူမြို့၌ သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး မြို့ပေါ်ရပ်ကွက်များတွင် ခြင်ဆေးဖြန်းခြင်းဆောင်ရွက်

ကျောက်ဖြူ သြဂုတ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုတ်ကွေး ရောဂါမကျရောက်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်ပရဟိတအသင်းများ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ကုလားဘာတောင်ရပ်ကွက်နှင့် စေတီတောင်ရပ်ကွက်များသို့ သွားရောက်ကာ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်ပရဟိတအသင်းများဖြစ်သည့် ဓူဝံကြယ်နာရေးကူညီမှုအသင်း၊ လေးဝတီကုလရက္ခိတပရဟိတအသင်း၊ လင်းရောင်ခြည် ပရဟိတအသင်းနှင့် ရက္ခိတရင်ခွင်သာရေးနာရေးအသင်းတို့ ပူးပေါင်းပြီး ကုဘားဘာတောင် ရပ်ကွက်နှင့် စေတီတောင်ရပ်ကွက်သို့ သွားရောက်ကာ ၎င်းရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ၊ ဆိုင်ခန်းများ၊ လမ်းမတန်းများ၊ ဖြတ်လမ်းများနှင့် ခြင်ခိုအောင်းပေါက်ပွားနိုင်သည့်နေရာများတွင် မာလာသီယွန်ခြင်ဆေးဖြန်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း