မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ နေ့စဉ်စွန့်ပစ်အမှိုက်တန်ချိန် ၁၀၀ ကျော်အား နန်ကျင် အမှိုက်ကွင်းအတွင်း စွန့်ပစ်နိုင်ရေး၊ အမှိုက်ကွင်းမြေနေရာ ရေရှည်အသုံးပြုနိုင်ရေးနှင့် လိုအပ်ပါကတိုးချဲ့ဆောင်ရွက်နိုင်ရေး ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား သြဂုတ် ၆

ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့သည် လူဦးရေထူထပ်လာသည်နှင့်အမျှ နေ့စဉ်စွန့်ပစ်အမှိုက်များ များပြားလာခြင်းကြောင့် အမှိုက်များ စနစ်တကျ သိမ်းဆည်းစွန့်ပစ်နိုင်ရေးနှင့် အမှိုက်ကွင်းမြေနေရာ ရေရှည်အသုံးပြုနိုင်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၆ ရက် နံနက် ၁၀ နာရီက နန်ကျင်အမှိုက်စွန့်ပစ်သည့် မြေနေရာ၌ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ စည်ပင်သာယာရေးအဖွဲ့ပိုင် နန်ကျင်အမှိုက်စွန့်ပစ်သည့်မြေနေရာသည် ဧကအားဖြင့် (၂၀.၈၂)ဧက ကျယ်ဝန်းပြီး မြစ်ကြီးနားမြို့နှင့် (၁၃)မိုင်ကွာဝေးကာ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက် (၂၆) ရပ်ကွက်မှ စွန့်ပစ်အမှိုက်များအား  အမှိုက်ကား (၁၄)စီးဖြင့် နေ့စဉ် အမှိုက်တန်ချိန် (၁၀၀) ကျော်ကို နှစ်ပေါင်း (၁၀) ကျော်ကြာ စွန့်ပစ်ထားခဲ့သဖြင့် အမှိုက်ကျင်းနေရာအား ရေရှည် ဆက်လက်သုံးစွဲနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုးနှင့် တာဝန်ရှိသူများက အမှိုက်ပုံကွင်း ဧရိယာအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးက စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးပြုနိုင်ရေး ရှာဖွေစုဆောင်းနေကြသည့် အဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ စွန့်ပစ်အမှိုက်ကန် မြေနေရာ ရေရှည်သုံးစွဲနိုင်ရေး၊ အမှိုက်ကား ဝင်/ထွက်သည့် အဓိကလမ်းများ ကွန်ကရစ်လမ်းနှင့် သဲကျောက်လမ်းခင်း ကျင်းနိုင်ရေး၊ လိုအပ်သည့် စက်ယန္တရားများ ဖြည့်ဆည်းပေးနိုင်ရေး၊ လိုအပ်ပါက အမှိုက်စွန့်ပစ်နေရာ တိုးချဲ့နိုင်ရေး ကွင်းဆင်းစိစစ်ရွေးချယ်သွားရေး၊ အမှိုက်များ မြို့တွင်း နေရာတစ်နေရာ၌ စနစ်တကျ စုစည်း၍ အမှိုက်ကန်သို့ စွန့်ပစ်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)