မိုင်းဖြတ်မြို့နယ်၊ ဝမ်​နောင်​ကျေးရွာ၌  ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်​ရေး ​ဆွေး​နွေးအသိပညာ​ပေး

မိုင်းဖြတ် သြဂုတ် ၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ​​ဒေသတွင်းစားသုံးဆီဖူလုံ​စေရန်နှင့် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရေးအတွက် အသိပညာပေး​ဟော​​ပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဝမ်​နောင်​ကျေးရွာခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းရွှေက မြို့နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်​ရေး၊ စိုက်ပျိုးရာတွင် လိုအပ်သော မျိုးစေ့နှင့် မြေယာ ပြုပြင်ခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ ထွက်ရှိလာမည့် ​နေကြာသီးနှံများအား ပြန်လည်ဝယ်ယူမည့ ်အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။

ထို့​နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က ဆီထွက်သီးနှံ မျိုးကောင်းမျိုးသန့်များ ရရှိရေးဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ စိုက်ပျိုးနည်းစနစ်များ၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ရရှိမည့် အကျိုးအမြတ်များကို ပညာပေးဆွေးနွေး ပြောကြားခဲ့သည်။ ယင်း​နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးညီဝင်းထွန်းက သီးနှံ စိုက်ခင်းများအား ကျွဲ၊ နွားဝင်ရောက်ဖျက်ဆီးမှု မရှိစေရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။

မိုင်းဖြတ်မြို့နယ်တွင် ယခုနှစ်၌ မိုးနေကြာစိုက်ပျိုးလျာထားချက် (၅)ဧကလျာထားသော်လည်း နမ့်ကုန်းကျေးရွာအုပ်စု၊ နမ့်လောက်ကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာအုပ်စု၊ မိုင်းဖြတ်အုပ်စု၊ တောညုအုပ်စုတို့ရှိ တောင်သူ(၁၁)ဦးဖြင့် (၂၇)ဧကအထိ စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါစိုက်ပျိုးမှုတွင် သီးသန့်စိုက်ပျိုးမှု (၂၅) ဧက၊ သီးညှပ်စိုက်ပျိုးမှု (၂) ဧက စုစုပေါင်း (၂၇) ဧက တိုးချဲ့စိုက်ပျိုးနိုင်ခဲ့​ကြောင်း မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနက သိရသည်။

သန်းထွန်း​အေး