စမ်းချောင်းမြို့နယ် ရန်ပြိုလမ်းဈေးအတွင်း ဈေးရောင်းချသူများအား နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန် အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်

စမ်းချောင်း စက်တင်ဘာ ၁၁

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ရန်ကုန် အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း (တောင်)ရပ်ကွက်၊ ရန်ပြိုဈေးအတွင်းဈေး ရောင်းချသူများအား နှာခေါင်းစည်း (Mask) များ တပ်ဆင်ရန် အသိပေးနှိုး‌ဆော်ခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ ဈေးရောင်းသူများဈေး ရောင်းချရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာရန်၊ လက်ကိုဆေးကြောရန်နှင့် ဈေးရောင်းရာတွင် လက်အိတ်ဖြင့် စနစ်တကျရောင်းချရန် စသည်တို့ကို အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လိုက်နာရမည့်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ရပ်ကွက်များသို့ Hand Speaker ဖြင့် လိုက်လံကြေညာပေးလျက်ရှိကြောင်း သိရသည်။

ထူးထက်(ပြန်/ဆက်)