ပုဗ္ဗသီရိ ဩဂုတ် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်တို့က စာရေးဆရာမ ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်) ရေးသားထားသည့် " ဘိုးဘိုးအောင်၏ ဝ လုံးကလေးများ " စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ ဖြစ်ကြသည့် စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ မောင်လေပြေ(တောင်းတွင်း)၊ နှင့် စာရေးဆရာမ မယမင်း (ပန်းတောင်း) တို့က " ဘိုးဘိုးအောင်၏ ဝ လုံးကလေးများ၊ အချိန်ကို ခွဲတမ်းချပြီး အသုံးပြုရန်လိုအပ်ကြောင်း၊ လူတိုင်းလူတိုင်းမှာ အများလက်ခံကြတဲ့ အသိဉာဏ်ပညာအရ တစ်နေ့မှ ၂၄ နာရီစီ အညီအမျှရကြပါကြောင်း၊ ထို ၂၄ နာရီအတွင်းမှာ မိမိရဲ့အလုပ်တွေကို ပြီးအောင်လုပ်နိုင်ဖို့ဆိုရင် ဉာဏ်ရည်နဲ့ ကျွမ်းကျင်မှု၊ အချိန်ကို အသုံးချတဲ့စနစ်များ လိုအပ်ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့်လည်း ဝတ်စားဆင်ယင်မှု၊ ရုပ်ရှင် ဗွီဒီယို၊ ဝတ္တုစတဲ့ အပန်းဖြေစရာတွေကို လိုတာထက်အချိန်ပေးပြီး အချိန်တွေပြုန်းတီး ကုန်တာမျိုးမဖြစ်သင့်ကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကလည်း ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်ပြည်သူ့ စာကြည့်တိုက်မှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကိုလည်း တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝါသနာရှင်များက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)