ဝိုင်းမော် ဩဂုတ် ၅
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း၌ ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန “ဆမား” ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် ဝိုင်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးယဉ်မင်းစိုးက ဒေသခံတောင်သူများ လူမှုစီးပွား ဘဝမြှင့်တင်ရေး ဆီထွက်သီးနှံနေကြာတိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်း တိုးမြင့် စေရေး၊ သီးထပ်/သီးညှပ် စိုက်ပျိုးသီးနှံများ တိုးပွားလုပ်ဆောင်စေရေး အခြေအနေများကို လည်းကောင်း၊ မြို့နယ်ဆည်မြောင်းဦးစီး ဌာနမှူး ဦးနေဝင်းဦးက ဝါရှောင်ဆည်မှ ရပ်ကွက်/ ကျေးရွာများအတွင်းရှိ လယ်ယာမြေများသို့ ဆည်ရေ သောက်သုံးနိုင်ရေး စီစဉ်ဆောင်ရွက် ပေးနိုင်မှု အခြေအနေများ၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရာတွင် ဆည်ရေသောက်ရေပေးဝေနိုင်ရေး စီစဉ်ဆောင်ရွက်နိုင်မှုများကို လည်းကောင်း အသေးစိတ်ရှင်းလင်းချပြခဲ့ပြီး နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဌာနအလိုက် ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်း များအား အသီးသီးရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြသည်။
ယင်းနောက် ဝိုင်းမော်မြို့နယ်ရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသခံတောင်သူများအား ဆီထွက် သီးနှံများ စိုက်ပျိုးရေးတွင် ကူညီဆောင်ရွက်ပေးနိုင်မည့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့မှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တင်ပြချက်များကို ဆောင်ရွက်ပေးနိုင်မည့် အစီအမံများအား အကြံပြုဆွေးနွေးခဲ့ကြသည်။
ဝိုင်းမော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဆောင်သီးနှံစိုက်ပျိုးချိန်၌ နေကြာသီးနှံအား ဧက(၅၀၀) စိုက်ပျိုးသွားရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။
ဖြူစင်