လှိုင် စက်တင်ဘာ ၁၁
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူ ပြုနိုင်ရေးအတွက် ညမထွက်ရအမိန့်အား လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယမန်နေ့ညအချိန်က ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရုံးအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း ည(၁၂:၀၀)နာရီမှ နောက်တစ်နေ့ နံနက် (၀၄:၀၀)နာရီအချိန်အထိ သတ်မှတ်နယ်နိမိတ်အတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ စုဝေးခြင်းမပြုကြရန် ညမထွက်ရအမိန့်အား ပြည်သူများ လိုက်နာခြင်း ရှိ/ မရှိ စောင့်ကြပ်ကြည့်ရှု စစ်ဆေးခြင်းများကို ရပ်ကွက်များအနှံ့ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဒေသန္တရအမိန့် ဖောက်ဖျက်သူများကိုလည်း ဥပဒေပုဒ်မ (၁၈၈)ဖြင့် အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ မြို့နယ်အတွင်း နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် အဖွဲ့အစည်းများ၊ ကျန်းမာရေး ကိစ္စဖြင့် ပြင်ပသို့ သွားလာခြင်းမှအပ ဤအမိန့်သည် အများပြည်သူ အကျိုးအတွက် ထုတ်ပြန်ထားခြင်း ဖြစ်သဖြင့် ပြည်သူများ တိကျစွာ လိုက်နာကြရန် လိုအပ်ကြောင်း သိရှိရပါသည်။
ကြည်ဇေသော်