ကာမိုင်း စက်တင်ဘာ ၁၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်သည့် အနေဖြင့် စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်းမှ ပါဆယ်စနစ်သို့ ရောင်းချခွင့်ပြုနိုင်ရေး အသိပညာပေး လုပ်ငန်းကို ယမန်နေ့ နံနက် ၁၁ နာရီက တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာ၌ ဖားကန့်မြို့နယ်တွင် စက်တင်ဘာ ၉ ရက်နေ့က ကိုဗစ်-၁၉ရောဂါပိုး တွေ့အတည်ပြု လူနာတစ်ဦး တွေ့ရှိသောကြောင့် ကာမိုင်းမြို့ပေါ် ရပ်ကွက်/ကျေးရွာ အုပ်စုများနှင့် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမကြီးပေါ်ရှိ ကျေးရွာအုပ်စုများ၏ စားသောက်ဆိုင်များအား ဖြတ်သွားဖြတ်လာနေကြသည့် ခရီးသည်များအနေဖြင့် ဝယ်ယူ စားသောက်ရာတွင် ပါဆယ်စနစ်ဖြင့် ရောင်းချခွင့်ပြုနိုင်ရေးအတွက် သတ်မှတ်ထားသော စည်းကမ်းချက်များ လိုက်နာ ဆောင်ရွက်နိုင်စေရေး၊ စည်းကမ်းချက်များ လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့ဌာနဆိုင်ရာ တာဝန်ရှိသူများက အဖွဲ့နှစ်ဖွဲ့ခွဲ၍ အသိပညာပေး ပြောကြားခဲ့သည်။
ဇွဲသူရအောင်(ပြန်/ဆက်)