ရန်ကင်း သြဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်နဲ့ပတ်ဝန်း ကျင်အကြောင်း အသိပညာပေး Talk Show ကို ယနေ့ နံနက် ၉:၃၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က လူငယ်များ ဆိုးသွမ်းနေခြင်း၊ ပြစ်မှုကျူးလွန်ခြင်းတို့မှာ လူမှုပတ်ဝန်းကျင် အခြေအနေအမျိုးမျိုးနှင့် ဗီဇစရိုက်အမျိုးမျိုးတို့ကြောင့်ဖြစ်ရာ စေတနာမေတ္တာဖြင့် ပတ်ဝန်းကျင်ကောင်းတွင် ကောင်းစွာပုံသွင်းပြုပြင်ပေးခြင်းဖြင့် လူ့ဘောင်လောကကို အကျိုးပြုနိုင်သော လူတော်လူကောင်းလေးများ ဖြစ်နိုင်စေရေးအတွက် ရည်ရွယ်၍ အသိပညာပေး အစီအစဉ်များကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရန်ကင်းမြို့နယ် ဒုတိယဦးစီးမှူး ဒေါ်သူက လူငယ်များသည် ပတ်ဝန်းကျင်မှမကောင်းသော အကျင့်စရိုက်များကို အတုယူလွယ်ကြောင်း ဆွေးနွေးကာ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က လူငယ်များသည် အပေါင်းအသင်းကြောင့်လည်း လမ်းမှားရောက်ကာ ကော်ရှူခြင်း၊ အရက်၊ ဆေးလိပ် သောက်စားခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကြောင့် မပြန်လမ်းသို့ရောက်သွားသည့် လူငယ်များလည်းရှိနေရာ အနာဂတ်လူငယ်များ၏ ဘဝပန်းကောင်း အညွန့်ကျိုး မဖြစ်စေရန် အသိပညာပေးသည့်အနေဖြင့် အဆိုပါ Talk Show ကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သတင်းရသည်။
အိရွှေစင် (ပြန်/ဆက်)