ဆွမ်ပရာဘွမ်မြို့၌ တောင်သူလယ်သမားများအား စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ဆွမ်ပရာဘွမ် သြဂုတ် ၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူ လယ်သမားများအား စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်းနှင့် ပါဝါအသင့်သုံး ကြွက်သတ်ဆေးခဲများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက တောင်သူလယ်သမားများ စိုက်ခင်း နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တောင်သူလယ်သမားများအား အသိပညာပေး လုပ်ငန်းဆောင်ရွက်ရာ၌ ဆွမ်ပရာဘွမ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းလှိုင်က တောင်သူများအား တောတောင်များတွင် ပေါက်ရောက်လျက်ရှိသော ဝါးပင်များ၊ အသီးသီးကာ သေဆုံးသည့် ရာသီချိန်များတွင် ကြွက်များ ပေါက်ပွားနှုန်းများလာပြီး စိုက်ပျိုးခင်းများ၊ စားသောက်ဖျက်ဆီးတတ်ပါသဖြင့် တောင်သူများက စိုက်ခင်းများတွင် နေ့စဉ်စောင့်ဆိုင်းပြီး ဒုတ်ကိုင်းထောင်ခြင်း၊ အစာအဆိပ်ခပ်ကျွေးခြင်း၊ မီးထုတ်ထွန်း ခြင်း၊ အမှိုက်များ မီးတိုက်ခြင်းနှင့် သံပုံးများတီးခြင်းများဖြင့် ဆောင်ရွက်ကာ ကြွက်ရန်နှင့် အခြား အန္တရာယ်များမှလည်း ကာကွယ်နိုင်ပါကြောင်း အသိပညာပေးပြောကြားခဲ့ သည်။

ထို့နောက် ပူတာအိုခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်စိုက်ပျိုးရေးမှူး ဦးမြင့်ထွေးက အသင့်သုံး ကြွက်သတ်ဆေးခဲများကို ပေးအပ်ခဲ့ရာ ဆွမ်ပရာဘွမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့် က လက်ခံရယူခဲ့ပြီး တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ဆေးများသုံးစွဲ ရာတွင် လက်အိတ်များဖြင့် စနစ်တကျ ကိုင်တွယ်အသုံးပြုရန်၊ ကလေးငယ်များ လက်လမ်းမမီသော နေရာများ၌ စနစ်တကျထားရှိရန်နှင့် စိုက်ခင်းများ၌ ပိုးမွှားများကျရောက်ခြင်း၊ အခြားဖျက်ဆီးတတ်သော အန္တရာယ်များ ကျရောက်လာပါက ဆွမ်ပရာဘွမ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ တင်ပြကာ အသိပညာ များ ရယူနိုင်ပါကြောင်း ပူတာအိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးမှူးက ပြောကြားခဲ့သည်။

အဆိုပါ တောင်သူလယ်သမားများအား စိုက်ပျိုးရေးအသိပေး လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ဆွမ်ပရာဘွမ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ဆောက်လုပ်ရေး ဦးစီးဌာနနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)