လားရှိုး ဩဂုတ် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးတက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအခြေခံသင်တန်းတွင် ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က လူမှောင်ခိုကူးခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အမှတ် (၁၆) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ (လားရှိုး)မှ တပ်ဖွဲ့စုမှူး ရဲမှူးဝင်းညွန့်က “လူကုန်ကူးမှုစတင် ဖြစ်ပေါ်လာမှုသမိုင်းကြောင်း”၊ ဒုရဲအုပ်မြနွယ် က “ လူမှောင်ခိုနှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာအကြောင်း”၊ ဒုရဲအုပ်လှလှမြင့် က “ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဥပဒေအကြောင်း ” တို့ကို ဟောပြောခဲ့ကြသည်။
ဟောပြောပွဲသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မူဆယ်၊ လောက်ကိုင်၊ ကွတ်ခိုင်၊ ဟိုပန်၊ တန့်ယန်းမြို့တို့မှ ဟိုတယ်ဝန်ထမ်း (၁၇၀)ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရှမ်း/မြောက်ဇုန်)မှ ကြီးမှူးကျင်းပဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလမှာ ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့ထိ နှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)