ဇမ္ဗူသီရိ ဩဂုတ် ၄
ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လမ်းညွှန်မှုဖြင့် လူငယ်ရေးရာဦးစီးဌာနနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးနှင့် တာဝန်ရှိသူများ၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာစောနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာစောက ကျောင်းသား၊ ကျောင်းသူများကို လူငယ်ရေးရာ သမိုင်းကြောင်းများ၊ ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေ၊ လူငယ်ရေးရာကဏ္ဍ (၁၆) ရပ်၊ လူငယ်ရေးရာဌာန၏ ဖွဲ့စည်းပုံများ၊ လူငယ်များ၏ အောင်မြင်မှုများ၊ လူငယ်ဆိုင်ရာကဏ္ဍများ၊ လုပ်ငန်းစဉ်များ၊ မူဝါဒများ၊ လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးလာစေရန်အတွက် လူငယ်ရေးရာဦးစီးဌာန၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များအား၊ ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ဗဟုသုတများ ရရှိတိုးပွားအောင်၊ ခေါင်းဆောင်ကောင်းများ၏ အရည်အသွေးများ၊ အရည်အချင်းများအားသိရှိပြီး ကိုယ်တိုင်လိုက်နာကျင့်သုံးနိုင်အောင် ခေါင်းဆောင်မှု ပညာရပ်များနှင့် ပတ်သက်ပြီး ဟောပြောပို့ချခဲ့သည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ်တိုက်ကွမ်ဒိုအဖွဲ့မှ တိုက်ကွမ်ဒိုအားကစားနည်းအား သရုပ်ပြသခဲ့ကြရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက သရုပ်ပြအဖွဲ့ကို ဂုဏ်ပြုဆုငွေကျပ် (၅) သောင်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာဦးစီးဌာန၏ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)