ဗန်းမော်ခရိုင်အတွင်း၌ စာရင်းကိုင်လုပ်ငန်းအား ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ငွေစာရင်းထိန်းသိမ်းရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်

ဗန်းမော် ဩဂုတ် ၄ 

ကချင်ပြည်နယ်, ဗန်းမော်ခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား စာရင်းကိုင်လုပ်ငန်းကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ငွေစာရင်းထိန်းသိမ်းရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ကို ယနေ့ နေ့လယ်ပိုင်းက ဗန်းမော်ခရိုင်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပရာ ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင် က ဗန်းမော်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၏ စာရင်းကိုင်ဝန်ထမ်းများအား ဝန်းထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းများသိရှိပြီး ငွေစာရင်းများ မှားယွင်းမှုမရှိစေရေးနှင့် စနစ်တကျ‌ ဆောင်ရွက်နိုင် စေရေးအတွက် ယခုလို ငွေစာရင်းထိန်းသိမ်းရေး သင်တန်းဖွင့်လှစ်ပေးရ ခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စနစ်တကျသင်ယူကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ဗန်းမော်ခရိုင်စာရင်းစစ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်က သင်တန်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ငွေစာရင်းထိန်းသိမ်းရေးသင်တန်းသို့ ဗန်းမော်ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်း များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတို့က ဌာနဆိုင်ရာစုစုပေါင်း (၄၁)ဌာနမှ သင်တန်းသား သင်တန်းသူ(၆၇)ဦး တက်ရောက်သင်ယူကြပြီး ဗန်းမော်ခရိုင် စာရင်းစစ်ရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်အောင်နှင့် သင်တန်းနည်းပြတို့က ဝန်ထမ်းစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်းနှင့် စာရင်းစစ် ကန့်ကွက်ချက်မဖြစ်ပေါ်စေရန် ဆောင်ရွက်ရမည့် အချက်များ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ အစိုးရစာရင်း ထားနည်း စသည့် ငွေစာရင်းထိန်းသိမ်းရေး သင်တန်းများကို ဩဂုတ် ၄ ရက်မှ ၆ ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။   

ဗန်းမော်(ပြန်/ဆက်)