မိုးညှင်း ဩဂုတ် ၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ (မွမ်းမံ)ဖြင့် ညောင်ပင်သာကျေးရွာနှင့် ဘိုကုန်း ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ နံနက် (၁၁)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် တာဝန်ရှိသူများက ညောင်ပင်သာကျေးရွာတွင် အုတ်ခုံခံ ကွန်ကရစ်တံတား တစ်စင်းတည်ဆောက်နေမှုနှင့် ဘိုကုန်းကျေးရွာတွင် ဂါလံ (၅၀၀၀)ဆံ့ အုတ်ရေကန် တည်ဆောက် နေမှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန် စံညွှန်း များနှင့်အညီ အရည်အသွေးပြည့်မီနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားကြရန် ပြောကြားသည်။
မိုးညှင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ (မွမ်းမံ)ဖြင့် ညောင်ပင်သာကျေးရွာတွင် အုတ်ခုံခံ ကွန်ကရစ်တံတား အရှည် (၅)ပေ၊ အကျယ် (၁၄)ပေ၊ အမြင့် (၆)ပေအား ခွင့်ပြုငွေကျပ် ၆ ဒဿမ ၈ သန်းဖြင့်လည်းကောင်း၊ ဘိုကုန်းကျေးရွာတွင် အလျား(၁၅) ပေ၊ အနံ(၁၀)ပေနှင့် အမြင့်(၆)ပေရှိ ဂါလံ (၅၀၀၀)ဆံ့ အုတ်ရေကန်အား ခွင့်ပြုငွေကျပ် ၅ ဒဿမ ၄ သန်း ဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းတစ်ခုစီအလိုက် ပြီးစီးနေမှု အခြေ အနေများမှာ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းထံမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)