မတ္တရာ ဩဂုတ် ၄
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ဇူလိုင်လ ၃၁ နံနက်ပိုင်းက မိုးရေချိန် ၁၁.၇၃ လက်မ ရွာသွန်းခဲ့မှုကြောင့် ရွှေတချောင်းမြောင်းမှာ မိုးရေများဝင်ရောက်မှုများပြီး မြောင်းပေါင်ကျိုးပေါက်မှုများ ဖြစ်ပွားခဲ့သဖြင့် ယနေ့နံနက် ၈ နာရီခွဲအချိန်မှ စတင်၍ မြေဖို့ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရွှေတချောင်းမြောင်းပေါင် ကျိုးပေါက်ပျက်စီးခဲ့မှုအား လေကြောင်းရန်ကာကွယ်ရေး (၁ဝ၁၄) တပ်ရင်းမှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးသန်းကျော်နှင့် အရာရှိများ၊ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ပြည်သူများပူးပေါင်း၍ ကျိုးပေါက်ခဲ့သည့် နေရာများတွင် အမှိုက်များ၊ ဒိုက်များ ဆယ်ယူခြင်း၊ စက်ယန္တရားများဖြင့် မြေဖို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ မိုးရွာသွန်းခဲ့မှုကြောင့် ဘေးမဲ့ကျေးရွာနှင့် ကြပ်ကုန်းကျေးရွာအကြားတွင် အလျား ၃ဝ ပေ၊ အနံ ၄၅ ပေ၊ အနက် ၇ ပေ ၊ အလျား ၄၅ ပေ ၊ အနံ ၄၅ ပေ၊ အနက် ၇ ပေနှင့် အလျား ၁၅ ပေ၊ အနံ ၃ဝ ပေ၊ အနက် ၇ ပေခန့်ရှိ ကျိုးပေါက်မှု ၃ ခု၊ ကြပ်ကုန်းရွာနှင့် အလယ်ပုံကျေးရွာ အကြားတွင် အလျား ၆ဝ ပေ၊ အနံ ၅ဝ ပေ၊ အနက် ၁၂ ပေ ကျိုးပေါက်မှုတစ်ခု၊ ပေါက်တောကျေးရွာနှင့် ဝက်ခဲကျေးရွာအကြားတွင် အလျား ၁၅ ပေ၊ အနံ ၅ဝ ပေ၊ အနက် ၁၂ ကျိုးပေါက်မှုတစ်ခုတို့ ဖြစ်ပွားခဲ့သဖြင့် ပြည်သူများ ဆက်သွယ်သွားလာနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး (မတ္တရာ)