ဗန်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများအား ထောက်ပံ့ငွေများပေးအပ်

ဗန်းမော်  စက်တင်ဘာ  ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေမှ ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ယနေ့ နံနက် ၁၀ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ဗန်းမော်မြို့ နောင်ခိုရပ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အမြင်အာရုံ ချို့တဲ့သူ၊ အကြားအာရုံချို့တဲ့သူ၊ ဉာဏ်ရည်နိမ့်ပါးသူများ (၅)ဦးတို့အား ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းနှင့် နောင်ခိုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးသက်တို့က မသန်စွမ်းသူများ၏ နေအိမ်များသို့ သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဗန်းမော်မြို့နယ်အတွင်းရှိ မသန်စွမ်းသူများ စုစုပေါင်း (၄၆၂)ဦးအတွက် ထောက်ပံ့ ငွေပေါင်း (၁၃၈၆၀၀၀၀)ကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးတို့က မသန်စွမ်းသူများ ၏ လက်ဝယ်အရောက် ဆက်လက် ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)