နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

နမ္မတူ ဩဂုတ် ၄

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ Online စနစ်ဖြင့် ငလျှင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး   အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့ညနေ (၄)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက ငလျင်ဘေးအန္တရာယ်နှင့်ပတ်သတ်၍ ပြည်သူများလိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ Online စနစ်ဖြင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်မြတ်သူနှင်းက ငလျင်ဖြစ်ပွားစေတတ်သည့် အကြောင်းအရင်းများ၊ ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာဆောင်ရွက်ရန်နှင့် ရှောင်ရှား သင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်နှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်နေစဉ် အဆောက် အအုံအတွင်းရှိပါက လိုက်နာဆောင်ရွက်ရန်နည်းလမ်းများ၊ အဆောက်အအုံအပြင်တွင်ရှိပါက လိုက်နာဆောင်ရွက်ရန်နည်းလမ်းများနှင့် ငလျင်ပမာဏ ရစ်ခ်တာစကေးအလိုက် သက်ရောက်မှု ရှိနိုင်ခြေများ စသည့်အကြောင်းအရာများအား  အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့်  ရိုက်ကူးတင်ဆက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။

လူမော် (ပြန်/ဆက်)