မွန်ပြည်နယ်၀န်ကြီးချုပ် ပြည်နယ် ၀န်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင် ဩဂုတ် ၄

မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်နယ် မိုးလုံလေလုံ အားကစားခန်းမ၌ သြဂုတ်လ ၄ ရက်နေ့၊ နံနက် (၉) နာရီတွင် ကျင်းပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စားပွဲတင်းနစ် အားကစားဝါသနာရှင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မွန်ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်အတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနည်းအလိုက် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် အနာဂတ်တာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် လူငယ်လူရွယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ အသိပညာဗဟုသုတ ပြည့်စုံကြွယ်ဝမှု၊ အရည်အချင်းပြည့်ဝမှု၊ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိမှု စိတ်ဓာတ်ရေးရာ မြင့်မားမှုစသည့် အချက်များအပေါ်များစွာ တည်ရှိနေသည့် အချက်များကြောင့် ဘက်စုံထောင့်စုံမှ အရည်အသွေးမြှင့်တင်ပေရန်လိုအပ်ကြောင်း၊ ယခုပြိုင်ပွဲမှ ထူးချွန်ထက်မြက်သည့် စားပွဲတင် တင်းနစ် အားကစားသမားများစွာ ပေါ်ထွက်ပြီး နိုင်ငံဂုဏ်ဆောင် အားကစားသမားများဖြစ်စေရေး ကြိုးပမ်းကြရန်ဖြစ်ကြောင်းဖြင့် ပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို သြဂုတ်လ ၄ရက်နေ့မှ ၆ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဖွင့်ပွဲစဉ် အမျိုးသားတစ်ဦးချင်းကို မော်လမြိုင်မြို့နယ်အသင်းနှင့် ပေါင်မြို့နယ် အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်