အင်းစိန်မြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်း ဆောင်ရွက်

ရန်ကုန် ဩဂုတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များ ကျန်းမာကြံ့ခိုင်မှု ရှိစေရန်နှင့် ကလေးငယ်များ ရောဂါဘယ ကင်းရှင်းစေရန် ရည်ရွယ်၍ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် တိုက်ကျွေး၊ ထိုးနှံလျက်ရှိသည်။

မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိပြီး အင်းစိန်မြို့နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(စီမံ/ဘဏ္ဍာ) ဒေါက်တာ မိုးမိုးမြင့်နှင့် ဝန်ထမ်းများက မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မေးခိုင်ရောဂါ၊ ဂျပန်ဦးနှောက်ရောင် ရောဂါ၊ ဝက်သက်ရောဂါ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးစသည်တို့ကို တိုက်ကျွေး၊ ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိသည်။

အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့် လစဉ်ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ သုံးရေများအတွင်း အဘိတ်ဆေးခတ်စသည့် လုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)