ပုဗ္ဗသီရိမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ပုဗ္ဗသီရိ ဩဂုတ် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်တို့က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ သဘာဝနှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က " လူ့တွေရဲ့ဘဝကို ထိခိုက်စေတဲ့ အကြမ်းဖက်မှု (၅)မျိုးဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုနှင့် အန္တရာယ်ရှိသော ရိုးရာဓလေ့ ထုံးစံများကြောင့်ဖြစ်သော အကြမ်းဖက်မှုများအကြောင်း၊ စာဖတ်ရင်းတွေးကြမယ် ခေါင်းစဉ်အောက်မှ စာဖတ်ခြင်းကနေ သုတ၊ ရသနဲ့ အတွေးအမြင်များရရှိစေဖို့ ဖတ်တဲ့အကြောင်းအရာနဲ့ ဖတ်တဲ့နည်းလမ်းက အရေးပါလာကြောင်း၊ စာဖတ်ရာတွင်လည်း စာရဲ့အနှစ်သာရတွေကိုရရှိဖို့ စာသားတွေကိုပဲ မရှုမြင်သင့်သလို စာသားတွေရဲ့ လွှမ်းမိုးခံရတာတွေ မဖြစ်သင့်ကြောင်း၊ စာဖတ်ရင်း တွေးတောဆင်ခြင်တဲ့အကျင့်ရဖို့၊ လက်တွေ့လုပ်နိုင်ဖို့ဆိုရင် အလေ့အကျင့်လုပ်ယူရပါကြောင်း၊ အသိအမြင်ပြောင်းလဲလိုသူတွေ၊ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်လိုသူတွေနဲ့ ပိုင်းခြားဝေဖန်စဉ်းစားမှု တိုးတက်လိုသူတိုင်းအတွက် ထိရောက်တဲ့စာဖတ်ခြင်းက အကျိုးရှိတဲ့နည်းလမ်း တစ်ခုဖြစ်ပါကြောင်း၊ စာပေတွေဖတ်ရင်း ဗဟုသုတတွေအပြင် မှန်ကန်တဲ့သုံးသပ်မှုတွေရဖို့နဲ့ အတွေးသစ်၊ အမြင်သစ်တွေရဖို့ဆိုရင် ဖတ်ရင်းတွေး၊ တွေးရင်းဖတ်တဲ့နည်းလမ်းက စာဖတ်သူတွေအတွက် အကျိုးရှိစေမည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း " စသည့်အကြောင်းအရာများကို ပြည့်စုံစွာဟောပြောခဲ့သည်။

မျိုးသီဟ(ပြန်/ဆက်)