ကျိုက်မရော စက်တင်ဘာ ၁၁
ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု မြင့်တက်လာနေသဖြင့် ရောဂါကူးစက်မှုလျော့ပါးစေရန်အတွက် မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် အိမ်ပြင်ထွက်သူတိုင်း နှာခေါင်းစည်း (mask) စနစ်တကျ တပ်ဆင်သွားလာစေရန် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နှာခေါင်းစည်း (mask) နှင့် ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ကျိုက်မရောမြို့အဝင် လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်မြင့် ၊မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာကျော်ဝင်းဇော် နှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြိုနယ်ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများ ပူးပေါင်း၍ အပြင်မှာ အကြောင်းအမျိုးမျိုးကြောင့် သွားလာနေကြသည့် ခရီးသွားများ၊ လမ်းသွားလမ်းလာ ပြည်သူများ၊ ဆိုင်ကယ်မောင်းနှင်သူများတွင် နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင် သွားလာကြရန် အသိပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်း၊ နှာခေါင်း စည်းများ (mask) အခမဲ့ဖြန့်ဝေ ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် လူတိုင်းနှာခေါင်းစည်း (mask) စနစ်တကျ တပ်ဆင်ရေးပညာပေး campaign အစီအစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန် /ဆက်)