ပျဉ်းမနား ဩဂုတ် ၄
ပြည်ထောင်းစုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာတွင် နေပြည်တော် ကောင်စီရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ညောင်ပင်ဝိုင်းရေလွှဲဆည် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များရှင်းလင်းခြင်းနှင့် ရေသောက်ဧရိယာအတွင်းပါဝင်သည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲအခမ်း အနားကို ယနေ့နံနက်(၉)နာရီတွင် အဆိုပါကျေးရွာခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဘဝများဖွံဖြိုးတိုးတက်လာစေရေး အတွက် စိုက်ပျိုးရေရရှိရေး၊ သွင်းအားစုများအား ဈေးနှုန်းသက်သာစွာထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်း မျိုးသန့်များ ရရှိစေရေးဆိုင်ရာကိစ္စရပ်များကို ကြိုးစားဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ ဒေသခံတောင်သူများအားလုံးကလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပူးပေါင်းကာ ကြိုးစားဆောင် ရွက်ကြဖို့လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ အရည်အသွေး ကောင်းမွန်စေရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုစေမည့် ထုတ်ကုန်များ ဖန်တီးထုတ်လုပ်နိုင်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းနှင့်အတူ မွေးမြူရေး လုပ်ငန်းများကိုလည်း စီးပွားဖြစ်လုပ်ကိုင်နိုင်သည်အထိ ကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်က ပြည်ထောင်စုနယ်မြေအတွင်း ဆည်ရေ သောက်ဧရိယာများအကောင်အထည်ဖေါ်ဆောင် ရွက်ပြီးစီးမှုအခြေအနေများနှင့် ဒေသခံတောင်သူများပါဝင်သည့် ရေအသုံးချရေးအဖွဲ့(WUG)များ ဖွဲ့စည်း ဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်သွယ်သွယ်ခိုင်က ညောင်ပင်ဝိုင်း ရေလွှဲဆည်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်များအားလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များအား တင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ရေလွှဲဆည်တည်ဆောက်မည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်းစုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာတွင် ဆောင်ရွက်မည့် ညောင်ပင်ဝိုင်းရေလွှဲဆည်သည် အကျယ်ပေ(၁၀၀)၊ အလျား(၆၈.၅)ပေ၊ အမြင့်(၄)ပေရှိ သံကူကွန်ကရစ်၊ ရေလွဲဆည်အမျိုးအစားဖြစ်ပြီး ဒေသခံပြည်သူများ၏ မိုးကောင်းသောက်စိုက်ပျိုးမြေ(၁၅၆)ဧကကို ဆည်ရေ သောက်အဖြစ်ပြောင်းလဲပေးဝေနိုင်မည်ဖြစ်သည်။ အဆိုပါရေလွှဲဆည်အား ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် နေပြည်တော် ကောင်စီရန်ပုံငွေကျပ်သန်း(၂၅၃.၈)ဖြင့်တည် ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဇော်မင်းလွင်(ပြန်/ဆက်)