ဆီဆိုင်မြို့နယ်၌ ကုန်ထုတ်လမ်း၊ တံတားများဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဆီဆိုင် ဩဂုတ် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဆီဆိုင်မြို့နယ်အတွင်း ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေးဆိုင်ရာ ကဏ္ဍ အသီးသီးကို အကျိုးပြုစေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်နှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ (ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ)ဖြင့် ဆောင်ရွက်လျက် ရှိသည့်  ဘန့်ဗွီးကျေးရွာအုပ်စု၊ ဆောဆားကျေးရွာ ကုန်ထုတ်လမ်း(၃)မိုင် သဲဗြုန်းလမ်းခင်းခြင်း လုပ်ငန်း(၆၀)ရာခိုင်နှုန်း၊ Box Culvert)တံတား(၂)စင်းတည်ဆောက်ခြင်း လုပ်ငန်း(၆၀) ရာခိုင်နှုန်းနှင့် ကွန်ကရစ်တံတား(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်း(၆၀)ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လမ်းများသဲဗြုန်း(၉)လက္မပြည့်မီအောင်ဆောင်ရွက်ရန်၊ လမ်းပခုံးများ ကြိုးဆွဲကပ်ပေးရန်၊ လှိုင်းထသည့်နေရာများ ပြန်ဖြည်ပေးရန်နှင့် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများအား တင်ဒါအောင်မြင်ငွေ (၁၆၉.၆၉၅)သန်းဖြင့် ထွန်းကြယ်စင်ကုမ္ပဏီ၊  ရွှေသိင်္ဂီဖြိုးကုမ္ပဏီ၊ ရွှေလမင်းကြယ်ကုမ္ပဏီနှင့် Tai Com ကုမ္ပဏီတို့မှ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ဘန့်ဗွီးကျေးရွာအုပ်စု၊ ဆောဆားကျေးရွာအတွင်းရှိ အိမ်ခြေ(၂၀၀)၊  အိမ်ထောင်စု(၂၃၀)စု၊ လူဦးရေ(၁၀၇၄)ဦး၊ လယ်ယာမြေစိုက်ဧက(၁၀၀၀)ကျော် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မျိုးမြတ်(ဆီဆိုင်)