ကျောက်ဆည်မြို့တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်ဆည် ဩဂုတ် ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ၂၀၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ဆပ်ကော်မတီတစ်ခုချင်းစီအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းတာဝန်များအကြောင်းအား ဆွေးနွေးပြောကြားခဲ့ရာ ဆပ်ကော်မတီဝင်များမှ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး၊ အမှတ်ပေးဒိုင်များ ဖွဲ့စည်းဆောင်ရွက်မှု၊ ဘဏ္ဍာငွေဆောင်ရွက်ထားရှိမှု၊ ပြိုင်ပွဲများဆုချီးမြှင့်မည့် အစီအစဉ်များ၊ အခမ်းအနားပြင်ဆင်ဆောင်ရွက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ သတင်းထုတ်ပြန်ရေး၊ ကျွေးမွေးဧည့်ခံရေး ဆောင်ရွက်မည့်အစီအစဉ်များကို အသီးသီးဆွေးနွေးပြောကြားရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်းက လုပ်ငန်းများအောင်မြင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အခြေခံပညာအဆင့်(၁၀)နှစ်မှ (၁၅) နှစ်၊ အခြေခံပညာအဆင့်(၁၅)နှစ်မှ (၂၀)နှစ်၊ ဝါသနာရှင်အဆင့်(ပ)၊ ဝါသနာရှင်အဆင့်(ဒု)၊ ပညာရှင်အဆင့် စုစုပေါင်း (၂၅၄) ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်