မလှိုင်မြို့နယ်အတွင်းရှိ သံဃာတော်များ ဝါတွင်းကာလတွင် ဆွမ်း၊ ဆွမ်းဟင်းများ ပြည့်စုံစေရန် သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲ ကျင်းပ

မလှိုင် သြဂုတ်

မန္တလေးတိုင်းဒေသကြီး၊  မလှိုင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း (၅၀)တို့တွင် သီတင်းသုံးတော်မူသော သံဃာတော်များ ၊ ဝါတွင်းကာလတွင် ဆွမ်း၊ ဆွမ်းဟင်း၊ ဘောဇဉ်များ ပြည့်စုံမှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရွှေမုဋ္ဌောဂေါပကအဖွဲ့တို့မှ ဦးဆောင်၍ သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် ရွှေမု‌ဋ္ဌောဘုရားကြီး၏ အရှေ့ဖက် အာရုံခံတန်းဆောင်း အတွင်း၌ လောင်းလှူခဲ့ကြကြောင်း သိရသည် ။

ရှေးဦးစွာ ဆွမ်း ၊ ဆွမ်းဟင်းလောင်းလှူကြမည့် အလှူရှင်များက မလှိုင်မြို့ ရွှေသိမ်တော် မဟာစည် သာသနာ့ရိပ်သာကျောင်း ၊ ပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာဝံသထံမှ ကိုးပါးသီလခံယူပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်ချတရားနာယူကာ အမျှအတန်းများပေးဝေခဲ့ကြသည်။ ထို့နောက် မြတ်စွာဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ် အပါး(၄၀၀)ကျော်တို့အား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်မှူး ဌေးသန်း ၊ ဦးအောင်ကျော်သူတို့နှင့် ဌာနဆိုင်ရာများ၊ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ ၊ စေတနာရှင်အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူခဲ့ကြသည်။

မလှိုင်မြို့နယ်တွင် ဝါတွင်းကာလ(၁၃)ပတ်တွင် အပတ်စဉ် ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူခဲ့ကြသည်မှာ စတုတ္ထအကြိမ်မြောက် လောင်းလှူကြောင်း သိရှိရပြီး ကျန်ရှိနေသည့် သတင်းပတ်များတွင်လည်း ဆက်လက်လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)