ဒဂုံတောင် သြဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ဒေသန္တရ တိုက်နယ်ဆေးခန်းများတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိ ကြောင်း သိရသည်။
ထိုသို့ကလေးငယ်များ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို သက်ဆိုင်ရာ ဒေသန္တရဆေးခန်းများအလိုက် လစဉ်လဆန်းရက်များနှင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထိုးနှံတိုက်ကျွေးလျှက်ရှိရာ ယနေ့နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၁၀၄)ရပ်ကွက် သရုပ်ဆောင် ခိုင်နှင်းဝေ၏ ရင်သွေးလေးများဂေဟာရှိ ကလေးငယ်(၅၈)ဦးအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော အဆုတ်၊ တီဘီ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ငါးမျိုးစပ် ကာကွယ်ဆေး (BCG)၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင် ရောဂါ၊ မေးခိုင်ရောဂါ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးကြောင်း သိရသည်။
ထိုသို့ ထိုးနှံတိုက်ကျွေးရာသို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ရန်နိုင်ထွန်းနှင့် အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာဝန်ရှိသူများ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မြတ်သူဝင်းနှင့် ကျန်းမာရေးအဖွဲ့များက အားပေးကြည့်ရှုကြောင်းနှင့် မွေးကင်းစမှ အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ မပျက်မကွက်ထိုးနှံးပေးရေးအတွက် ပြည်သူများအား အသိပညာပေး Campaign အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန်းသန်းအေး (ဒဂုံတောင်)