ကျောက်ဆည် ဩဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ အစိုးရနည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ယမန်နေ့မွန်းလွဲ(၂)နာရီက မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာခင်မောင်ချင်းက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အမှတ်(၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုရုံးမှ တပ်ဖွဲ့စုမှူးရဲမှူးခင်မောင်သိန်းက မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှုအမျိုးအစားများ၊ လူစုဆောင်းသည့်နည်းလမ်းများ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေများအကြောင်းနှင့် ကျောက်ဆည်မြို့အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး ကောင်းမြတ်သူက ယာဉ်အမျိုး စားများအကြောင်းနှင့်ယာဉ်တိုက်မှုဖြစ်စဉ်များ၊ ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေများပေါ်ပေါက်လာရခြင်းအကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေဖြင့် အရေးယူခံရနိုင်သည့် ပြစ်ဒဏ်များအကြောင်း၊ လမ်းလျှောက်သူ၊ စက်ဘီးစီးသည့် ပြည်သူများအားလုံး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမှသာ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းဝေးမှာဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်ပြီး ခရိုင်ရဲတပ်ဖွဲ့ရုံးမှ ဒုတိယရဲမှူးကြီးအောင်မင်းစိန်က မူးယစ်ဆေးဝါးများစတင်ပေါ်ပေါက်လာပုံများနှင့် ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် လူ့ဘဝအညွှန့်တုံးရုံမျှမက အသက်ဆုံးရှုံးရသည်အထိ ကောင်းကျိုးမရှိသည့် မူးယစ်ဆေးဝါးများ မသုံးစွဲမိကြစေရေး၊ မူးယစ်ဆေးသုံးစွဲသူများ၏ နောက်ဆက်တွဲဆိုးကျိုးများအကြောင်း၊ အရေးယူခံရနိုင်သည့် ဥပဒေများအကြာင်း အသိပညာပေးဟောပြောခဲ့ပြီး အမှတ်တရမှတ်လက်ဆောင်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်များ ရိုက်ခဲ့ကြောင်း သိရသည်။
သက်မောင်