နောင်မွန်း ဇူလိုင် ၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ကလေးများ ကာယညာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက် လာစေရန်၊ အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် အားကစားသမား ကောင်းများ ပေါ်ထွက်လာ စေရန် ရည်ရွယ်၍ နောင်မွန်းမြို့နယ် အခြေခံပညာမူလတန်းအဆင့် မိုးရာသီကျောင်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၂ နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပ ကြောင်း သိရသည်။
ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပညာရေးမှူး ဒေါ်ထုလွမ်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲဝင် ကလေးများအနေဖြင့် အကောင်းဆုံးယှဉ်ပြိုင်ကစားကြရန် အားပေးစကားပြောကြားကာ အထက နောင်မွန်း၊ အမက(၁)၊ အမက(၂)၊ အလကထန်ထုကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ရိုးရာအကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ(၄၅၀)ခန့် တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲတွင် မြို့နယ်တွင်း ကျောင်းများမှ ဘောလုံးအသင်း(၁၀)သင်းကို အုပ်စုနှစ်စုခွဲကာ ယှဉ်ပြိုင်ကစားကြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)