မိုးနဲ ဩဂုတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်ပညာရေးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းအဆင့်ဘောလီဘော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ကွင်းပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ကွင်းပြင်နေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်နန်းသန်းသန်းစိုး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေး နှင့်ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး အသင်းလိုက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသော အသင်းများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါ ဘော်လီဘောပြိုင်ပွဲတွင် အလယ်တန်းအထက်အဆင့်၊ အထက်တန်းအဆင့်တို့မှ အမျိုးသားအသင်း သုံးသင်း၊ အမျိုးသမီးအသင်း ၄ သင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပိတ်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့က တေးသရုပ်ဖော်အကများဖြင့်ဖျော်ဖြေခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)