မိတ္ထီလာ သြဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရေဝေကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၅၂.၁၈ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်း လုပ်ငန်းကို တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၏ ထုတ်ကုန်များ၊ မြို့ပေါ်သို့အချိန်နှင့်တစ်ပြေညီရောက်ရှိရေး၊ လေလွင့်ဆုံးရှုံးမှုနည်းပါးစေရေးတို့အတွက် ကျေးလက်ကုန်ထုတ်လမ်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ကျေးလက်ကုန်ထုတ်လမ်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၅၂.၁၈ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် That Construction ကုမ္ပဏီမှ တာဝန်ယူ၍ ရေဝေကျေးရွာနှင့် လယ်ကွင်းအမှတ် (၇၈၆) သို့ ဆက်သွယ်ထားသော ကုန်ထုတ်လမ်းအရှည် (၀/၇) မိုင်ရှိ လမ်းကို မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းနှင့် Slab Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဇွန်လ ၂၂ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိသည်။ ၎င်းကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းကို အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက ကျေးရွာလေးရွာမှ လယ်ယာမြေစိုက်ဧက ၈၀၀ နှင့် မွေးမြူရေးတိရစာ္ဆန်ကောင်ရေ ၄၀၀ တို့ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)