မတ္တရာ ဩဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရန်နှင့် မိသားစုဝင်ငွေများ တိုးတက်လာစေရေး ရည်ရွယ်ချက်များဖြင့် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဩဂုတ် လ ၂ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင်လည်း လက်သမားသင်တန်းကို အဆိုပါရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပြည်သူ့စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်မှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဦးလှိုင်မင်းထွန်း(ဦးစီးအရာရှိ)မှ သင်တန်းစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးမှ သင်တန်း သားများအား သင်တန်းအထောက်အကူပြု ပစ္စည်းများကိုပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ လက်ခံရယူခဲ့သည်။
အဆိုပါ သင်တန်းသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများ၊ မြစိမ်းရောင်စီမံကိန်းကျေးရွာများနှင့် VRFP ကျေးရွာများမှ သင်တန်းသား(၁၅)ဦးတို့ တက်ရောက်ခဲ့ကြသည်။ သင်တန်း ကာလမှာ (၂၀)ရက်ကြာမြင့်မည်ဖြစ်ပြီး စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)