ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ကျေးရွာ အလက(ခွဲ)ကျောင်းနှင့် ပင်တိန်ကျေးရွာ မူလွန်ကျောင်းတို့တွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကျောက်မဲ ဩဂုတ် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲမြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက နားအိုက်ခန့်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် ပင်တိန်ကျေးရွာမူလွန်ကျောင်းတို့တွင် အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ‌ဟောပြောပွဲတွင်သက်ဆိုင်ရာ တာဝန်ခံကျောင်းအုပ်များက အဖွင့်အမှာစကားပြောကြားပြီး ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက "အသိအလိမ္မာတိုးဖို့ စာအုပ်စာပေဖတ်ကြစို့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်မော်မော်ဝင်းက အားကစားဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အဆိုပါကျောင်းများအတွက် အားကစားဆိုင်ရာပစ္စည်းများကိုထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောက်မဲမြို့နယ် အေရိုးဗစ်အဖွဲ့နှင့် မြန်မာ့သိုင်းအဖွဲ့ဝင်များက အေရိုးဗစ်အက၊ မြန်မာ့သိုင်းကစားနည်းများကို လက်တွေ့သရုပ်ပြခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ နားအိုက်ခန့်ကျေးရွာ‌ကျောင်းနှင့် ပင်တိန်ကျေးရွာကျောင်းတို့မှ အလယ်တန်းကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)