နမ္မတူမြို့နယ်တွင် ဒေသခံတိုင်းရင်းသားပြည်သူများ ကျန်းမာရေးဗဟုသုတများ တိုးပွားစေရေး ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ

နမ္မတူ ဩဂုတ် ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဒေသခံတိုင်းရင်းသားပြည်သူများ ကျန်းမာရေးဗဟုသုတများတိုးပွားစေရေး ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က ပန်ဟိုက်ရပ်ကွက် (၂)ရှိ  မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ  ဦးဂွမ်ဂျာနော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်လွင်က ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်လွင်က  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့်အကြောင်း၊ သွေးလွန်တုပ်ကွေး ရောဂါအဖြစ်များဆုံးရာသီ၊ ရောဂါလက္ခဏာများ၊ အန္တရာယ်ရှိသော ရောဂါလက္ခဏာများ၊ သွေးလွန်တုပ်ကွေးရောဂါ ဟုတ်မဟုတ် သိရှိနိုင်သည့် နည်းလမ်းများ၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလျှင် အချိန်မီကုသမှုခံယူရန် နည်းလမ်းများနှင့် အရည်အသွေးပြည့်ဝသော ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (၈)ကြိမ်တွင် ပါဝင်ရမည်အချက်များအားလည်းကောင်း၊ လက်ထောက်ကျန်းမာရေးမှူး ဒေါ်ဒီဒီဘောက်နန်က ခန္ဓာကိုယ်ကြီးထွားစေသော အစားအစာများ၊ ရောဂါကာကွယ်သော အစားအစာများ၊ အင်အားဖြစ်စေသော အစားအစာများအကြောင်းနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အကြောင်းအားလည်းကောင်း အသီးသီးအသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ နမ္မတူမြို့နယ် မြို့မဈးကြီးမှ ဈေးသူဈေးသားများနှင့် မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ကြပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ ဆွေးနွေးဟောပြောသူအသီးသီးမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်လွင်ထံက သိရသည်။

လူမော်(ပြန်/ဆက်)