မိုးကောင်း ဩဂုတ် ၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီတွင် အဆိုပါဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ဆုံစို့-ကြက်ညာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေး ရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနောက်ရောင် ကာကွယ်ဆေးများကို မွေးစမှ အသက်(၂)လ၊ (၄)လ၊ (၆)လ၊ (၉)လနှင့် တစ်နှစ်ခွဲကလေးငယ်များအား အသက်အရွယ် အလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထအကြိမ်အဖြစ် ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံခြင်းကို ဩဂုတ်လ(၃)ရက်မှ စတင်ထိုးနှံလျက်ရှိပြီး နံနက်(၉)နာရီမှ (၁၂)နာရီထိ တစ်ကြိမ်၊ နေ့လယ်(၁)နာရီမှ ညနေ(၃)နာရီထိတစ်ကြိမ် တစ်ရက်(၂)ကြိမ်ဖြင့် မြို့ပေါ် (၁၀)ရပ်ကွက်အား ရပ်ကွက်အလိုက် ဆေးထိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)