မြောက်ဥက္ကလာပ သြဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၃၅ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာ ဆောင်ရွက်မှုရှိစေရန် ရည်ရွယ်၍ဟောပြောပွဲနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀)နာရီအချိန်က (ဈ)ရပ်ကွက်ဝေဘာဂီလမ်း ကပရ(၅) YBS ကားဝန်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် အမှတ်၃၅၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊တပ်ဖွဲ့စုမှူး ဒုရဲမှူးလှိုင်ဝင်းအောင်က (ဈ)ရပ်ကွက်၊ ဝေဘာဂီလမ်းကပရ(၅)ကားဝန်းရှိ YBS အထူးယာဉ်ကြီးမောင်းသင်တန်း ခန်းမတွင် သင်တန်းအမှတ်စဉ်(၂၄)တွင် တက်ရောက်နေသော သင်တန်းသားများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် သတိပေးလမ်းညွှန်ချက်များ၊ တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးခြင်းလမ်းညွှန်များ၊ မော်တော်ယာဉ်မောင်းနှင် စဉ်လိုက်နာရမည့်အချက်များနှင့် ပတ်သက်၍ သိရှိလိုက်နာရန်အချက်များ စသည့် တို့ကို ဟောပြောခဲ့ပြီးနောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရန် အသိပညာပေး ရုပ်သံများအား projector ဖြင့် ပြသခဲ့ပြီး တက်ရောက်လာသော သင်တန်းသားများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ သင်တန်းသား(၁၂၀)ဦး တက်ရောက်ခဲ့ကြပြီး၊ မြောက်ဥက္ကလာပမြို့နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့စုအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာစေရေး အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)