အလုံ စက်တင်ဘာ ၁၁
ရန်ကုန်အနောက်ပိုင်း၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးနှင့် စေတနာ ရှင် အလှူရှင်များ စုပေါင်းကာ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ဆေးရုံဝန်ထမ်းများ၊ ဆေးရုံသို့ လာသောပြည်သူများ၊ စည်ပင်ဝန်ထမ်းများ၊ ကုန်တင် ကုန်ချလုပ်သားများ၊ စျေးဝယ်သူများနှင့် အနှေး ယာဉ်လုပ်သားများအား ပါးစပ်နှာခေါင်းစည်း(Mask)များကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလုံစည်ပင်ဝန်း ဝန်ထမ်းမိသားစုများ၊ ကလေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီး ဆေးရုံကြီး၊ ကုတင် ၅၀၀ ဆေးရုံကြီး၊ အနောက်ပိုင်းဆေးရုံကြီးတို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ဆေးရုံသို့လာသော ပြည်သူများအတွက် ပါးစပ်နှာခေါင်းစည်းများကို ပေးအပ် လှူဒါန်းရာ သက်ဆိုင်ရာတာဝန်ခံများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်ဆိပ်ကမ်းမှ ကုန်တင်ကုန်ချ လုပ်သားများ၊ စျေးရောင်းသူများ၊ အနှေးယာဉ် လုပ်သား များ၊ ဒလဘက်ကမ်းသို့ အသွားအပြန်ကူတို့ ကူးနေကြသည့် ပြည်သူများကိုလည်း လှူဒါန်းခဲ့ ကြောင်း သိရသည်။ အဆိုပါ ပါးစပ်နှာခေါင်းစည်းများကို လှူဒါန်းရာတွင် တစ်ဦးလျှင် (၃)ခု နှုန်းဖြင့် စုစုပေါင်း Mask အခု ၁၀၀၀၀ ကျော် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
တင်တင်ချို ပြန်/ဆက်