မင်္ဂလာဒုံ သြဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက်ပိုင်းက လူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စွန့်ပစ်ပစ္စည်းနှင့် ခြေသုတ်ခုံပြုလုပ်နည်း သင်တန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြတ်မွန်ခင်က သင်တန်းဖွင့်လှစ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လူထုအခြေပြု အထောက်အကူပြုအဖွဲ့မှသင်တန်းနည်းပြ ဆရာမ ဒေါ်အေးအေးသန့်(စက်မှု)ကသင်တန်းသို့ တက်ရောက်လာကြသည့်သင်တန်းသား၊ သင်တန်းသူများအား စွန့်ပစ်ပစ္စည်းနှင့် ခြေသုတ်ခုံပြုလုပ်နည်းများကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို တစ်ရက်တာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လူငယ်များ တစ်ပိုင်တစ်နိုင်ဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြတ်သူဇာ(မင်္ဂလာဒုံ)