သထုံ ဩဂုတ် ၃
မွန်ပြည်နယ်၊ သထုံမြို့၊ ရွှေစာရံစေတီတော်ဝန်းအတွင်းရှိ ရှေးဟောင်း မွန်ကျောက်စာများ အပါအဝင် သမိုင်းဝင် ရှေးဟောင်းကျောက်စာများ ယဉ်ကျေးမှုအမွေအနှစ်များကို မွန်တိုင်းရင်းသား ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များပါဝင်သည့် မွန်ကျောက်စာ သင်တန်းသားများ လေ့လာရေး ခရီးစဉ်အဖြစ် ယနေ့ နံနက်က လာရောက် ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
လာရောက်လေ့လာရာတွင် သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်စိုးနှင့် ရွှေစာရံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ မြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များတို့က ရွှေစာရံစေတီတော်ဝန်းအတွင်းရှိ ရှေးဟောင်း မွန်ကျောက်စာတိုက်၊ သိကြားစေတီပေါ်ရှိ ရှေးဟောင်း ဗုဒ္ဓဝင်ကျောက်ချပ်များ၊ ရသေ့ကြီး ဦးခန္တီ လှူဒါန်းထားသည့် ပိဋကတ်တော် ပါဠိ ကျောက်စာများ၊ ငှက်တွင်း ကျောင်းတိုက်ရှိ ရှေးဟောင်း အုတ်ခွက်ရုပ်ပွားတော်များ၊ ကလျာဏီသိမ်တော်နှင့် သိမ်တော်ရှိ ရှေးဟောင်း ဗုဒ္ဓဝင်ကျောက်ချပ်များ စသည်တို့ကို လိုက်လံ ရှင်းလင်း ပြသပေးပြီး လိုအပ်သည်တို့ကို ကူညီ ဆောင်ရွက် ပေးခဲ့ကြသည်။
အဆိုပါ လေ့လာရေးအဖွဲ့တွင် မွန်ကျောက်စာပညာရှင်နှင့် ဝါသနာရှင် ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ် စုစုပေါင်း ၂၀ ဦးခန့် ပါဝင်ပြီး သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့ရှိ ကျောက်စာများ၊ သမိုင်းဝင် အထင်ကရများကို ကြည့်ရှုလေ့လာ သွားကြမည်ဖြစ်ကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)