မိုင်းတုံ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် ၂၀၂၀ပြည်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေး ခန်းမ တွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်နှင့် အညီ ကျင်းပနိုင်ရေး၊ နိုင်ငံရေးပါတီများမှ လိုက်နာရမည့် စည်းကမ်းချက်များမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတာဝန်များကို တင်ပြ ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်တင်ဝင်းက ဒုတိယ အကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာချိန်တွင် တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာနိုင်ရန် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ မဲစာရင်း တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးမှု အခြေအနေများကိုလည်းကောင်း၊ မဲရုံဝန်ထမ်းခန့်ထားမည့် အခြေအနေများကိုလည်းကောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူးများအား သင်တန်းဖွင့်လှစ်နိုင်ရေး စီမံထားရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ဝင်းဝင်းခိုင် (မိုင်းတုံ၊ ပြန်ဆက်)