သိန္နီ သြဂုတ် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားရေး၊ ဘက်စုံထူးချွန်၍ ကျောင်းနေပျော်၍ စာတော်သောကလေးငယ်များဖြစ်လာစေရေး၊ အနာဂါတ်တွင် ယဉ်ကျေးလိမ္မာ၍နိုင်ငံတော်မှအားကိုးအားထားပြုရသော သားကောင်းရတနာများပေါ်ထွန်းလာရေးတို့အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းအချိန်က သိန္နီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နမ့်စလပ်တွင် ဟောပြောခဲ့သည်။
ထိုသို့ဟောပြောရာတွင် ဒုမြို့နယ်ပညာရေးမှူး ဦးအောင်မျိုးက ဗလ(၅)တန်ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် “ကျောင်းသားလူငယ်များအနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလများ ပြည့်စုံရန်လိုအပ်ပါကြောင်း၊ ကျောင်းသားလူငယ်များအကြား အချင်းချင်း စည်းလုံးညီညွှတ်စွာဖြင့် ရိုင်းပင်းကူညီကြရမည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့၏ ပညာကိုဆုံးခန်းတိုင်အောင် သင်ယူကြရမည်ဖြစ်ကြောင်း” ဟောပြောသည်။
ဆက်လက်၍ သိန္နီမြို့၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြမှူး ဦးကောင်းထိုက်က လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် ဟောပြောရာတွင်“ ကျောင်းသားလူငယ်များ ကိုယ်ကာယကျန်းမာ ကြံ့ခိုင်စေရန်အတွက် အားကစားနည်းများ ကစားသင့်ပါကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံ့လက်ရွေးစင် အားကစားများဖြစ်လာသည်အထိ ကြိုးစားသင်ယူသင့်ပါကြောင်း၊ တောင်ကြီးမြို့တွင် ဖွင့်လှစ်သည့် အားကစားကျောင်းများတွင် ကျောင်းသားလူငယ်များ တက်ရောက်လိုပါ ဆက်လက်ပို့ဆောင် သွားမည်ဖြစ်ကြောင်း” ဟောပြောသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက လူငယ်နှင့်ပညာခေါင်းစဉ်ဖြင့် ဟောပြောရာတွင် “ လူငယ်များအနေဖြင့် ပညာကို ကြိုးစားသင်ယူသင့်ပါကြောင်း၊ လူတစ်ယောက်၏ဘဝအား အသိပညာတိုးတက်မှုရှိသည်နှင့်အညီ ဘဝတိုးတက်လာမည်ဖြစ်ပါကြောင်း၊ အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကို ကြိုးစားအားထုတ် သင်ယူသင့်ပါကြောင်း” ဟောပြောသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၁၂၀)ဦးတက် ရောက်ခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ (သိန္နီ)