မုဒုံ သြဂုတ် ၃
မွန်ပြည်နယ် မုဒုံမြို့နယ် အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် တိုင်ထောင်ပဲတောင့်ရှည်စိုက် တောင်သူများ စျေးကောင်းရရှိသဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
တိုင်ထောင်ပဲတောင့်ရှည်ပင်များကို မစိုက်မီ မြောင်းဘောင်ကို အရင်ဆုံးပြုပြင်ရပြီး စိုက်ဘောင်များအတွင်း မြေခံကြက်ချေး (သို့မဟုတ်) နွားချေးနှင့် ဆန်စက်မှ ရရှိသည့် ဖွဲမှုန့်များကို ရောစပ်ထည့်ပေးရကြောင်း၊ ပဲမျိုးစေ့များကို အစေ့ချစနစ်ဖြင့် စိုက်ပျိုးကာ တစ်ပင်နှင့်တစ်ပင် တစ်ထောင်ခြားစိုက်ပျိုးရကြောင်း၊ အပင်ကြီးထွားမှုနှင့် လေဝင်လေထွက်ကောင်းရန် ဂရုစိုက်ရကြောင်း၊ စိုက်ပျိုးပြီး (၁၅)ရက်အကြာတွင် တိုင်ထောင်ပေးပြီး ရွက်စားဆေးကို အသီးသီးချိန်အထိ နှစ်ပတ်လျှင်တစ်ကြိမ် ဖြန်းပေးရကြောင်း၊ ရက် (၄၀)ခန့်အကြာတွင် စတင်အသီးသီးပြီး ရက် (၅၀)လျှင် အသီးလှိုင်လှိုင်သီးကြောင်း၊ နှစ်ရက်ခြားတစ်ခါခူး၍ ရောင်းရပြီး နှစ်လကြာအထိ ခူးဆွတ် ရောင်းချရကြောင်း မုဒုံမြို့နယ် ဖယ်ဒိုကျေးရွာမှ တိုင်ထောင်ပဲတောင့်ရှည်စိုက် တောင်သူတစဦး၏ ပြောပြချက်အရ သိရသည်။
တိုင်ထောင်ပဲတောင့်ရှည်များကို ရာသီမရွေး စိုက်ပျိုးရပြီး စျေးကွက်တွင် ဒေသပေါက်စျေး ပဲထောင့်ရှည် တစ်ပိဿာလျှင်( ၂၅၀၀)ကျပ်၊ တစ်စည်းလျှင် ၁၀၀၀ ကျပ် ရရှိကာ တောင်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာကြရာမှ စီးပွားဖြင့် တိုးချဲ့စိုက်ပျိုးလာကြသည်။ မုဒုံမြို့နယ်တွင် ရော်ဘာစိုက်ပျိုးရေးနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မိသားစုစားသုံးရန်နှင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်ပင်များကို စိုက်ပျိုးလာကြခြင်းဖြစ်ကြောင်း သိရသည်။
သားငယ်(မုဒုံ)